ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အထောက်အပံ့ဖြင့် ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားငှက်ဖျား တိုက်ဖျက်ရေးစီမံချက်တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် ရန်ကုန်တိုင်းဒေသကြီးတွင် စစ်ဆေးတွေ့ရှိသော ဖယ်စီပါရမ်ငှက်ဖျားပိုးများ၏ ဆေးယဉ် ပါးမှုကို မော်လီကျူးနည်းပညာဖြင့် စစ်ဆေးစောင့်ကြည့်သည့် Molecular Surveillance of Drug Resistant Falciparum Malaria in Myanmar သုတေသနစီမံချက်ဆိုင်ရာ ညှိနှိုင်း အစည်း အဝေးကို၂၉-၉-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင်ဆေးသုတေသနဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။ အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် ဆေးသုတေသနဦးစီးဌာန၊ ညွန်ကြားရေးမှုးချုပ် ပါမောက္ခ ဒေါက်တာအေးအေးခင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး (WHO Country Office Myanmar) မှ Malaria Team Leader Dr. Gopinath Deyer က Molecular surveillance of drug resistance malaria ကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အမျိုးသားငှက်ဖျားတိုက်ဖျက်ရေးစီမံချက်မှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာနွယ်နီ လင်းက Malaria Updates & Malaria Situation in Yangon 2026 ကိုလည်းကောင်း၊ ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က Updated findings on molecular surveillance of Plasmodium falciparum drug resistance in Myanmar (2025-2026) ကိုလည်းကောင်း တင်ပြကြပါသည်။ တက်ရောက်လာသူများကသုတေသနတွေ့ရှိချက်များကိုဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် နှင့် အဆင့်မြင့်မော်လီကျူးနည်းပညာဖြင့် ငှက်ဖျားရောဂါကို တိကျလျှင်မြန်စွာ ရှာဖွေနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးသို့ ဆေးသုတေသနဦစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ နှင့် သုတေသီများ၊ ကုသရေးဦးစီးဌာန၊ အမျိုးသားကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် မြန်မာနိုင်ငံ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံး (WHO Country Office Myanmar) မှ Malaria Team Leader နှင့် Members များတက်ရောက်ခဲ့ကြပါသည်။ ညှိနှိုင်းဆွေးနွေးပွဲအပြီးတွင် သုတေသီများနှင့် ဓါတ်ခွဲကျွမ်းကျင်များက ဆေးယဉ်ပါး ငှက်ဖျားပိုး၏ မျိုးဗီဇစစ်ဆေးမှု လက်တွေ့ ဓါတ်ခွဲလုပ်ဆောင်မှုများ (Hand-on Laboratory Testing on Deep Amplicon Sequencing and Bioinformatics Analysis) ကို (၂) ရက်ကြာ ဆောင်ရွက်ကြမည်ဖြစ်ပါသည်။